ဓမ္မသုခုမ

ဗုဒ္ဓ၏ အယူဝါဒ (၁)
ချစ်စွာသော ညီငယ် ညီမငယ်များသို့

ဒီဘလော့ဂ်ပေါ်မှာ ၀င်ရောက်ဖတ်ရှုနေသူအများစုဟာ စာရေးသူထက် အသက်အရွယ် ငယ်ရွယ်သူတွေက များလိမ့်မယ်လို့ ယူဆတာကြောင့် ဒီအသုံးအနှုံးလေးကို ခေါ်ဝေါ်လိုက်ပါတယ်။

နောက်တစ်ခါ ဒီကနေ့တင်ပြမယ့် ဆောင်းပါးလေးဟာ “ဗုဒ္ဓဘာသာဝင်” ရယ်လို့ ကိုယ့်ကိုယ်ကို နာမည်ခံထားကြပေမယ့် ကိုယ့်ရဲ့ ဘာသာ အယူဝါဒအကြောင်းကို တိတိကျကျ ရှင်းရှင်းလင်းလင်း မသိကြသေးတဲ့ ညီငယ်ညီမငယ်များကို ရည်ရွယ်သမှု ပြုခြင်းကြောင့်လည်း ဒီအသုံးအနှုံးလေးကို သုံးခြင်းဖြစ်ပါတယ်။

ညီငယ်ညီမငယ်များတို့ ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာပေါ်မှာ “ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ” ရယ်လို့ အယူဝါဒကြီး (၄)ခု ရှိပါတယ်။ အခြားသော လူနည်းစုတွေကိုးကွယ်ကြတဲ့ “ဂျိန်းဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျူးဘာသာ” တို့လိုပါ ရေတွက်မယ်ဆိုရင် တော့ ဘာသာအယူဝါဒက (၄)မျိုး မကဘူးပေါ့။ ဒါပေမယ့် အဓိက လူဦးရေအများဆုံး ကိုးကွယ်ကြတာကတော့ ဒီဘာသာကြီး (၄)ခုပါဘဲ။

စာရေးသူ လေ့လာမိသလောက်ပြောရရင် မိမိကိုးကွယ်ရာ ဘာသာအကြောင်းကို တဖက်သားကို နားလည်သဘောပေါက် အောင် ရှင်းပြနိုင်တဲ့ နေရာမှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ အားနည်းကြတယ် လို့ တွေ့မိတယ်။ လူငယ်ဘ၀လောက်မှာကို ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေဟာ သူတို့ဘာသာအကြောင်းကို ရေရေလည်လည် ပြောတတ်ကြတာကို တွေ့ရပေမယ့် စာရေးသူတို့ ဗုဒ္ဓဘာသာလူငယ်များကြတော့ ကိုယ့်ဘာသာအကြောင်းကို တစ်ဖက်သား နားလည်အောင် ရှင်းမပြနိုင်တာကို တွေ့ရပါတယ်။

ဒီကြောင့် ဒီဆောင်းပါးအခန်းဆက်လေးတွေကို ဖတ်ပြီးရင်တော့ ကိုယ့်ဗုဒ္ဓဘာသာဟာ ဘယ်လို အယူဝါဒဆိုတာကို ကိုယ်တိုင်လည်း သဘောပေါက်နားလည် ၊ သူများကိုလည်း သဘောပေါက် နားလည်အောင် ရှင်းပြနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတရားတိုင်းဟာ လူတွေကို ပိုမိုယဉ်ကျေးလိမ္မာအောင် ဆုံးမတဲ့ကြတဲ့ ဘာသာတရားချည်းသာ ဖြစ်ပါတယ်။ “သီလ” လို့ခေါ်တဲ့ အခြေခံ “လူ့ကျင့်ဝတ်” ပိုင်းဆိုင်ရာမှာ ဘာသာတရား တစ်ခုနဲ့ တစ်ခုမှာ ကွာခြားမှု သိပ်မရှိလှပါဘူး ။ လူတွေကို ပိုမိုယဉ်ကျေးမှုရှိပြီး၊ လူအချင်းချင်း ညှာတာထောက်ထားစိတ်တွေ တိုးပွားလာအောင်၊ လူတို့ရဲ့ သဏ္ဍန်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မာနတရားတွေ နည်းပါးလာအောင် သင်ကြားပေးကြတဲ့ ဘာသာချည်းပါဘဲ။

သို့သော် “အန္တိမပန်းတိုင်” လို့ခေါ်တိုင်း ဘာသာတရားတိုင်းရဲ့ နောက်ဆုံးရည်မှန်းချက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာဟာ ကျန်ဘာသာ အယူဝါဒတွေနဲ့ သိသိသာသာကြီး ကွဲပြားခြားနားနေတာကို တွေ့ရပါလိမ့်မယ်။ နောက်ပြီး ဒီပန်းတိုင်ဆီကို သွားတဲ့ နည်းလမ်းခြင်းလည်း ကွာခြားနေကြပါတယ်။

ဒါဟာ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာတရားတစ်ခုကို တည်ဆောက်ထားတဲ့ မူလအခြေခံ အုတ်မြစ်အခြေခံခြင်း ကွာခြားမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုအခြေခံတွေမှာ ကွာခြားကြတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။

(၁) အခြားသော အယူဝါဒတွေမှာ “ဖန်ဆင်းရှင်” ဆိုတာ ရှိတယ်။ လူအပါအ၀င် (သတ္တလောက) နဲ့ တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင် ဆိုတဲ့ (သြကာသလောက)ကြီးကို  ခရစ်ယာန်မှာ ထာဝရ က ၊ အစ္စလာမ်မှာ အလာဟ်အရှင် က၊ ဟိန္ဒူမှာ မဟာဗြမ္မာကြီး က ဖန်ဆင်းတယ်လို့ အယူရှိတယ် ။ ယုံကြည်တယ်။

ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင် မရှိဘူး။ တန်ခိုးရှင်မရှိဘူး။ သတ္တလောကကြီးနဲ့ သြကာသလောကကြီးဖြစ်ပေါ်လာရတာဟာ သတ္တ၀ါ အနန္တရဲ့ “စိတ်” ကြောင့် သာဖြစ်ပေါ်လာရခြင်းဖြစ်တယ်။ အဲဒီ စိတ်က ဘယ်လို စိတ်မျိုးလည်းဆိုတော့ “တဏှာ” ဦးစီးတဲ့ “စိတ်”။ တဏှာဆိုတာ ပါဠိစကားဖြစ်ပြီး “တောင့်တခြင်း၊ လိုချင်ခြင်း၊ စွဲမက်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ရာဂ၊ လောဘ၊ ကပ်ညိခြင်း” ဆိုတဲ့ သဘောတရားတွေအားလုံး ပါဝင်နေတယ်။ ဒီလို “တဏှာနဲ့ ယှဉ်တဲ့စိတ်” ကြောင့် သတ္တလောကကြီးဟာ ပေါ်ထွန်းလာရတာ ဖြစ်တယ်။ “စိတ်” ဟာ အရာအားလုံးထက် ဆန်းကျယ်တယ်။ ယနေ့ခေတ်မှာ အလွန်ဆန်းကျယ်လှတဲ့ သိပ္ပံပညာနဲ့ တီထွင်ထားသမျှ လူ့ပစ္စည်း၊ လူ့အသုံးအဆောင် ဟူသရွေ့ဟာ “စိတ်” ဆိုတဲ့ အရာနဲ့ဖန်ဆင်းထားကြတာဘဲ မဟုတ်ဘူးလား။ စိတ်ကူးကောင်းရင် ကောင်းသလောက် တီထွင် နေကြတာဘဲ မဟုတ်ပါလား။

(၂) အခြားဘာသာအားလုံးမှာ God လို့ခေါ်တဲ့ ဘုရားဟာ လူသားတွေရဲ့ ဖန်ဆင်းရှင်ဖြစ်ပြီး သူ့ကို ဘယ်သူမှ ဖန်ဆင်းထားတာ မဟုတ်ဘူး။ God ဟာ ထာဝရ တည်မြဲတယ်။ သူ့ကိုတော့ ဘယ်သူကမှ ဖန်ဆင်းထားတာမဟုတ်ဘူး။ ဘယ်သူကမှလည်း မဖျက်ဆီးနိုင်တဲ့ အနန္တ တန်ခိုးရှင်ဖြစ်တယ်။

ဗုဒ္ဓဘာသာမှာတော့ “ဘုရား” ဆိုတာ “လူသားစစ်စစ်” ဖြစ်တယ် ။ ဖန်ဆင်းရှင် မဟုတ်ဘူး။ လူသားဆိုပေမယ့် ရိုးရိုးလူသားတော့ မဟုတ်ဘူး။      “မဟာလူသား ဗုဒ္ဓ” ဖြစ်တယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လို့ခေါ်တဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ ဘ၀ပေါင်း အသင်္ချေကို ပါရမီဖြည့်ဆည်းခဲ့တဲ့ ပုဂ္ဂိုလ်ထူးဖြစ်တယ်။ လူလူခြင်းမှာတော့ “ဗုဒ္ဓ” ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ အသိဉာဏ်အရာ၊ ပညာအရာ၊ ပါရမီအရာ၊ တန်ခိုးအရာ၊ မေတ္တာတရားအရာ၊ ဂရုဏာတရားအရာ ယှဉ်နိုင်သူ မရှိတဲ့ မဟာလူသား ဖြစ်တယ်။ လူသားဖြစ်လို့ “သေခြင်း” ဆိုတဲ့ သဘောတရားရှိတယ်။ ဒါကြောင့် “ပရိနိဗ္ဗာန်” ပြုရတယ်။ ဒါပေမယ့် “ဗုဒ္ဓဘုရားရှင်” ရဲ့ ဘ၀ဟာ နောက်ဆုံးဘ၀ဖြစ်ပြီး ဒီဘ၀ရဲ့ သေခြင်းပြီးရင်တော့ “အ,မတံ” လို့ခေါ်တဲ့ “အိုခြင်း၊ နာခြင်း၊ သေခြင်း” ကင်းရာ “နိဗ္ဗာန်” ကို အပြီးအပြတ် ရောက်ရှိတော့မှာဖြစ်ပါတယ်။

(၃) အခြားဘာသာတွေရဲ့ ထာဝရဘုရားတွေဟာ လူသားအားလုံး ကယ်တင်ရှင်တွေဖြစ်တယ်။ ထာဝရဘုရားတွေရဲ့  ကယ်တင်ခြင်းကို “ဘုရားသခင် အပေါ်မှာယုံကြည်ခြင်း” ဖြင့် ရနိုင်တယ်လို့ ယုံကြည်ကြတယ်။ “ယုံကြည်ခြင်း” အဓိက ၀ါဒတွေဖြစ်တယ်။

ဗုဒ္ဓဘုရားရှင်ဟာ “ကယ်တင်ရှင်” မဟုတ်ဘူး။ “နည်းပေးလမ်းပြသူ” သာဖြစ်တယ် ။ “ဗုဒ္ဓ” ဆိုတဲ့ ဝေါဟာရဟာ “ကိုယ်တိုင် ကျင့်ကြံသိမြင်သောတရားများကို အခြားသူများအားလည်း နားလည်သဘောပေါက်အောင် ဆိုဆုံးမညွှန်ပြနိုင်သူ” လို့ အဓိပ္ပါယ် ရတယ်။ ဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့ရာ “ယုံကြည်ခြင်း” သက်သက်ဖြင့် မရနိုင်ဘူး ။ “ကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်း” ဖြင့် သာ ရရှိနိုင်တယ်လို့ ဗုဒ္ဓက အတိအလင်းပြောခဲ့ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ မှားယွင်းသော ယုံကြည်ခြင်း “အ,သမာဒိဋ္ဌိ” ရှိခဲ့ရင် လွတ်မြောက်မှုကို မရနိုင်ဘဲ “ဒုက္ခဆင်းရဲတွင်း” ကို ပိုမိုနက်ရှိုင်းစေပြီး “သံသရာ” ကို ပိုမိုရှည်လျားစေနိုင် တယ်လို့ ဆိုဆုံးမခဲ့တယ်။

(၄) အခြားသော အယူဝါဒတိုင်းလိုလိုဘဲ လူမှာ “အတ္တ” လို့ခေါ်တဲ့  မကွယ်ပျောက်နိုင်တဲ့ သဘောတရားတစ်ခုရှိတယ်။ အဲဒီ သဘောတရားကို ဟိန္ဒူဝါဒက “အတ္တ” လို့ခေါ်ပြီး နောက်ဆုံးမှာ “မဟာဗြမ္မာကြီး” နဲ့ သွားရောက်ပူးပေါင်းတယ်လို့ အယူရှိတယ်။ ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ၀ိဉာဉ် ဟာ ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။

ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ၀ိဉာဉ်အယူရောပါ လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိသာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓ၀ါဒဟာ “အတ္တ” ကို လက်မခံတဲ့ “အနတ္တ” ၀ါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ်ဘ၀ပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့ အယူအဆကို လက်ခံပေမယ့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းသွားလာနေတဲ့ ၀ိဉာဉ် (ခေါ်) အတ္တ ကောင် မရှိပါဘူး။

မိရိုးဖလာ ဗုဒ္ဓဘာသာတွေမှာတောင် ဒီလို ၀ိဉာဉ် ရှိတယ်လို့ မှားယွင်းယူဆနေကြပါတယ်။ Soul , Ghost လို့ခေါ်တဲ့ လူသေပြီးရင် ကိုယ်ခန္ဓာထဲက ထွက်သွားတဲ့ အရာတစ်ခုလို့ ရှိတယ်လို့  ယူဆတာဟာ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်များ သတိပြုကြပါ။

ညီငယ်ညီမငယ်များတို့။ Ghost ဟာ လူသေပြီးတာနဲ့ ချက်ခြင်းဖြစ်လာတဲ့ “ဒုတိယ” ဘ၀တစ်ခုသာဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ “ပြိတ္တာ” လို့ခေါ်တဲ့ ဘုံဘ၀မျိုးဖြစ်တယ်။ ဒီဘက်က လူတစ်ဦးကွယ်လွန်ပြီး “စုတိ” စိတ်ပြီးတာနဲ့ ဟိုဘက်မှာ “ပဋိသန္ဓေ” စိတ် ချက်ခြင်း(အခြားမရှိအောင်) ဖြစ်တာမို့ ပြိတ္တာကောင် အဖြစ် “ဘွား” ကနဲဖြစ်လာတာကို “၀ိဉာဉ်” လို့ ယူဆနေကြတာဖြစ်တယ်။ ဘ၀ကူးပြောင်းတာ မြန်လွန်းလို့ အဲဒီပြိတ္တာကောင်ဟာ သူ့ကိုယ်သူ ယခင်ဘ၀က ပုဂ္ဂိုလ်လို့ မှားယွင်းယူဆနေမိတတ်တယ်။ နောက် အချိန်ကြာလာမှသာ သူဟာ ဘ၀သစ်တစ်ခုကို ရောက်ရှိလာတာဖြစ်တယ်ဆိုတာကို နားလည်လာခြင်းမျိုး ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ “နောက်ဘ၀” ဆိုတာ ရှိတယ်။ အဲဒီ နောက်ဘ၀ဆိုတာဟာ “ယခုပစ္စုပ္ပန်ဘ၀” နဲ့ “ယခုဘ၀မတိုင်မှီ ဘ၀ပေါင်း များစွာက”  ပြုခဲ့တဲ့ “ကောင်းမှုကံ/မကောင်းမှုကံ” တွေကို  စံစား/ခံစားဖို့အတွက်  ပေါ်ပေါက်လာရတဲ့ “အကျိုးရလဒ်” တစ်ခုသာဖြစ်တယ်။ ဒီလို ဘ၀တစ်ခုနဲ့ တစ်ခု အဆက်ပြတ်မသွားအောင် ဆက်စပ်ပေးနေတဲ့အရာကတော့ အထက်ကပြောခဲ့တဲ့ “တဏှာ” ဘဲဖြစ်တယ် ။ ဒီလို ဘ၀တစ်ခုနဲ့ တစ်ခုကူးပြောင်းနေရတာဟာ “အကြောင်းတရား၊ အကျိုးတရား” ဆက်စပ်မှု နိယာမ သာလျှင်ဖြစ်ပြီး ဒီဖြစ်စဉ်ထဲမှာ “အတ္တ” ခေါ် “၀ိဉာဉ်” ကောင် လုံးဝမပါပါဘူး။

ဒီဘက်ဘ၀တွေက လုပ်လိုက်တဲ့ ကုသိုလ် အကုသိုလ်ကံတွေကို ခံစားစံစားဖို့အတွက် ရှေ့ဘ၀မှာ သူနဲ့သင့်လျှော်တဲ့ “ရုပ်၊ နာမ်၊ ခန္ဓာ” ပေါ်ပေါက်လာရခြင်းဖြစ်တယ်။ အမည်နာမ တပ်မယ်ဆိုရင်တော့ “လူ၊ နတ်၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲကောင် . .” စသည်ဖြင့် အမည်ပညတ် တပ်လို့ရပေမယ့် စင်စစ်တော့ အကြောင်းကြောင့် အကျိုးတရားဖြစ်ထွန်းနေရတဲ့ “သံကွင်းဆက်လို”  အစဉ်အဆက် တန်းနေတဲ့ ကွင်းဆက် တွေသာ ဖြစ်ပါတယ်။ ဒါကိုဘဲ ဗုဒ္ဓဘာသာမှာ “သံသရာ” လို့ ခေါ်ဝေါ်နေကြပါတယ်။

ဒီဘ၀ပုဂ္ဂိုလ် နဲ့ နောက်ဘ၀က ပုဂ္ဂိုဟ်တို့ဟာ တစ်ဦးတည်း မဟုတ်သလို အခြားလူလည်း မဟုတ်ပါဘူး။ ဥပမာ ပြရရင် ရန်ကုန် ကနေ မန္တလေးကို  စာတိုက်ကနေ ငွေလွှဲလိုက်တဲ့အခါ ဟိုဘက်မှာ ထုတ်ယူရမယ့်ငွေဟာ ရန်ကုန်စာတိုက်က ငွေစက္ကူတွေ မဟုတ်ပါဘူး။ အရေအတွက် ပမာဏခြင်းတူတယ်။ ဒါပေမယ့် ရန်ကုန်ငွေစက္ကူတွေ မန္တလေးကို ရောက်သွားတာမဟုတ်ပါဘူး။ ဟိုဘက်ကလူကတော့ မန္တလေးစာတိုက်မှာ ရှိတဲ့ငွေစက္ကူတွေဘဲ ထုတ်ယူသွားရမှာပါ။ ဒါပေမယ့် အဲဒီငွေဟာ အခြားလား . . ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီဘက်က လွှဲလိုက်တဲ့ “အကြောင်းတရား” ကြောင့် ဟိုဘက်မှာ ထုတ်လို့ရတာမဟုတ်လား။ ဘ၀ကူးတယ်၊ ဘ၀ဆက်တယ်ဆိုတာလည်း ဒီလိုပါဘဲ။ ဒါမှ ဗုဒ္ဓအယူဝါဒ စစ်စစ်ဖြစ်ပါတယ် ။

(၅) အခြားသော အယူဝါဒတွေနဲ့ ဗုဒ္ဓအယူတို့ကြားမှာ သိသိသာသာခြားနားစေတဲ့ နောက်ဆုံးအရာကတော့ “အန္တိမ” ပန်းတိုင် ဘဲ ဖြစ်ပါတယ်။ ဟိန္ဒူအယူဝါဒရဲ့ အန္တိမပန်းတိုင်ဟာ “မဟာဗြမ္မာ” ဖြစ်တယ်။ မဟာဗြမ္မာကြီးနဲ့ ပူးပေါင်းသွားဖို့ရာ အဓိက ပန်းတိုင် ဖြစ်တယ်။ ခရစ်ယာန် နဲ့ အစ္စလာမ်ဝါဒတွေရဲ့ ပန်းတိုင်ဟာ “ဘုရားသခင်ရဲ့ ကောင်းကင်ဘုံ” ဖြစ်တယ်။ ထာဝရ ဘုရား၊ အလာဟ်ရှင်တို့ရဲ့ စည်းမျဉ်းဥပေဒတွေကို လိုက်နာပြီး “ယုံကြည်ခြင်း” အားဖြင့် “ကောင်းကင်ဘုံ” ကို ရောက်နိုင်တယ်လို့ ယုံကြည်ကြတယ်။

ဗုဒ္ဓဘာသာရဲ့ “အန္တိမ” ပန်းတိုင်ဟာ “နိဗ္ဗာန်” ဖြစ်တယ် ။ “နိဗ္ဗာန်” ဟာ ဘုံဌာနတစ်ခုမဟုတ်ဘူး။ နေရာဌာနတစ်ခုမဟုတ်ဘူး။ Paradise လို့ခေါ်တဲ့  ကောင်းကင်ဘုံလို နေရာဌာနတွေနဲ့ မနှိုင်းယှဉ်အပ်ဘူး။ “နိဗ္ဗာန်” ဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် တွေ မရှိဘူး။ အချိန်မရှိဘူး။ နေရာမရှိဘူး။ “သန္တိသုခ” လို့ခေါ်တဲ့ အနှိုင်းမဲ့ သုခသာလျှင် ရှိတယ်။ ဘ၀ပေါင်းများစွာက ဆက်ပြီးရင်း ဆက်လာခဲ့တဲ့ “ဒုက္ခ” ကွင်းဆက်ကြီး ပြတ်တောက် သွားခြင်းဖြစ်တယ်။ ဘ၀ဆိုတာ မရှိတော့ဘူး။ ဆင်းရဲအပေါင်းချုပ်ငြိမ်းရာ ဖြစ်တယ်။ နိဗ္ဗာန်ကို ဘာမှ မရှိဘူးဆိုရင် ဗုဒ္ဓအယူမဟုတ်တော့ပါ ။ နိဗ္ဗာန်ဆိုတာ “အတ္ထိ” ဧကန်ရှိတဲ့ တရားဖြစ်တယ်။ နိဗ္ဗာန်မှာ မရှိတာကတော့ “ဆင်းရဲဒုက္ခ” သာလျှင်ဖြစ်တယ် ။ နိဗ္ဗာန်ချမ်းသာကို သာမန် မျက်စေ့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ဖြင့် မသိနိုင်ဘူး။ ဒါကြောင့် ကိုယ်သိတဲ့ အသိနဲ့ ယှဉ်ပြီး နိဗ္ဗာန်ချမ်းသာကို နားလည် သဘောမပေါက်နိုင်ကြတာ ဖြစ်တယ်။

နိဗ္ဗာန်ကို ယုံကြည်မှုသက်သက်ဖြင့် မရနိုင်။ လက်တွေ့ကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ ရနိုင်တယ်။ ဗုဒ္ဓဘုရားရှင်တို့ မည်သည်လည်း နိဗ္ဗာန်ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ လက်တွဲပြီး ခေါ်မသွားနိုင်ပါ။ ကျင့်ကြံရမည့် နည်းလမ်းကိုသာ ညွှန်ပြ နိုင်တယ်။ ဒီလိုကျင့်ကြံတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ချမ်းသာကို လက်တွေ့ဒီဘ၀မှာဘဲ ခံစားသိရှိနိုင်တယ်။ နောက်ဘ၀ကို ကူးစရာ မလိုပါ။ “မဂ္ဂင်” လို့ခေါ်တဲ့ အကျင့်အကြံနှင့် နိဗ္ဗာန်ကို ပထမတစ်ကြိမ် မျက်မှောက်ပြုဘူးသူဟာ နောက်ထပ် ဒီဘ၀မှာတွင် နိဗ္ဗာန် အရသာကို ထပ်မံခံစားနိုင်တယ်။ (၄)ကြိမ်တိတိ မျက်မှောက်ပြုပြီးရင်တော့ ဒီဘ၀မှာတွင် နိဗ္ဗာန်ကို အလိုရှိတဲ့အချိန်မှာ အလိုရှိ သလို ခံစားနိုင်တယ် ။ နောက်ဘ၀ရောက်မှ ခံစားရမှာမျိုးမဟုတ်ဘူး။ အဲဒီလို (၄)ကြိမ်တိတိ နိဗ္ဗာန်ကို မျက်မှောက်ပြု(ခံစား)ပြီး တဲ့ ပုဂ္ဂိုလ်ဟာ  ဒီဘ၀ ခန္ဓာကိုယ် ချုပ်ငြိမ်းသွားရင် ထာဝရနိဗ္ဗာန် (အနုပါဒိသေသ နိဗ္ဗာန်)ကို ခံစားရတော့မှာဖြစ်တယ်။

ဆက်လက်ဖော်ပြပါဦးမည်။

သရ၀ဏ်

အသိတရား နှင့် တရားအသိ
မိတ်ဆွေ

လူငယ်တော်တော်များများက တွေးကြတယ်၊ ပြောကြတယ်။ “တရားလုပ်တယ်ဆိုတာ လူကြီးတွေရဲ့ အလုပ်တဲ့” “လူငယ်တွေနဲ့ ဘာမှ မဆိုင်သေးပါဘူး” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်ဆိုတာ သေခြင်းတရား နဲ့ ဝေးသေးလို့ တဲ့။ လူကြီးတွေ ကတော့ သေခြင်းတရားနဲ့ နီးလာလို့ တရားကို မဖြစ်မနေ လုပ်ကို လုပ်ကြရတာပါတာ တဲ့။

ဟုတ်ပါရဲ့လား။ ဒီစကား မှန်နိုင်ပါ့မလား။ မိတ်ဆွေ ရော ဒီလို ယူဆပါသလား။

မဟုတ်ပါဘူးမိတ်ဆွေ။ သတင်းစာ နာရေးကြော်ငြာတွေကို တစ်ချက်လောက် ကြည့်လိုက်စမ်းပါ။ နေ့စဉ် နဲ့အမျှ သေဆုံးနေကြ တဲ့ အသက်အရွယ်မျိုးစုံနဲ့ လူတွေကို တွေ့ပါလိမ့်မယ်။ ဒါက သတင်းစာထဲ ထည့်နိုင်တဲ့ လူတန်းစားလောက်ပါ။ မထည့်နိုင်တဲ့ လူတန်းစားအရေအတွက် က ဒီထက် ပိုများပါလိမ့်မယ်။

ဒီလူတွေရဲ့ အသက်တွေကိုရော ကြည့်လိုက်စမ်းပါ။ အရွယ်စုံ အသက်စုံကို တွေ့ရပါလိမ့်မယ်။ အသက် (၆၀) (၇၀)တွေက များတယ် ဆိုပေမယ့် အသက် (၃၀)(၄၀) ၀န်းကျင်တွေလည်း မနည်းလှပါဘူး။ အရွယ်ကောင်းလေးတွေဘဲနော်။ လောကကြီးရဲ့ အကြောင်း၊ ဘ၀ရဲ့ အရသာဆိုတာတွေကို မခံစားလိုက်ရဘဲ အသက် (၃)(၄)(၅)နှစ်နဲ့ သေသွားတဲ့ ကလေးငယ်တွေလည်း တွေ့ရပါလိမ့်မယ်။

တကယ်တော့ သေခြင်းတရားဟာ အရွယ် (၃)ပါး ရွေးမနေပါဘူး။ ယောင်္ကျား/မိန်းမ၊ ကြီးသူ/ငယ်သူ၊ ချမ်းသာ/ဆင်းရဲ ဘယ်သူ့ကိုမှ ရွေးနေမှာ မဟုတ်ပါဘူး။ သတ္တ၀ါရယ်လို့ ဖြစ်လာရင် မွေးလာကတည်းက ကိုယ့်နောက်က ကပ်လိုက်နေတဲ့ တရားဟာ သေခြင်းတရားပါဘဲ။ သူက နောက်ကလိုက်၊ ကိုယ်က ရှေ့ကပြေး ။ လိုက်တမ်း ပြေးတမ်း ကစားနေသလိုပါဘဲ။ မှီလာတဲ့အချိန်မှာ ဘယ်အသက်အရွယ်ဘဲ ဖြစ်နေနေ သေမင်းက ဖမ်းချုပ်ခေါ်ဆောင်သွားတော့ တာပါဘဲ။

တကယ်တော့ တရားလုပ်တယ်ဆိုတာ သေခြင်းတရားကို ကြောက်ရွံ့ခြင်း၊ သေခြင်းတရားကို  ထိတ်လန့်ခြင်းတွေကြောင့်သာ လုပ်သင့်တာမျိုး မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေရဲ့ “အသိတရား” ဟာ “တရားအသိ” နဲ့ တိုက်ရိုက် ပတ်သက် နေလို့ပါဘဲ။

တိုတောင်းလှတဲ့ လူ့ဘ၀လေးထဲမှာ လူဟာ “လူ့အသိတရား” ရှိရပါမယ်။ သတ္တလောကကြီးတစ်ခုလုံးမှာ ရှိတဲ့ သတ္တ၀ါ အားလုံးထက် လူသားတွေကပိုမို သာလွန်နေရတာဟာလည်း ဒီအသိတရားကြောင့်ပါဘဲ။ အသိတရားမြင့်မားမှု (သို့) အသိဉာဏ် မြင့်မားမှုဟာ လူ နဲ့ တိရိစ္ဆာန်တွေကို ကွဲပြားစေပါတယ်။

ဒါပေမယ့် ဒီလူသားမျိုးနွယ်ထဲမှာ တောင် လူတစ်ယောက်နဲ့တစ်ယောက် အသိတရားခြင်း မတူကြပါဘူး။ တစ်ချို့ကြ အသိတရား မြင့်မားကြတယ်။ တစ်ချို့ကျတော့ လူလို့သာ ခေါ်ရပေမယ့် တိရိစ္ဆာန်လောက်နီးပါး အသိတရားနည်းပါးကြသူတွေလည်း ရှိကြပါတယ်။ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ လူလူခြင်း အကြမ်းဖက်မှု၊ အနိုင်ထက် ပြုကျင့်မှုတွေဟာလည်း လူ့အသိတရား နည်းပါးမှုရဲ့ ပြယုဂ်တွေပါဘဲ။ ဒီလို လူ့အသိတရား နည်းပါးလာခြင်းကြောင့် အမှားကို အမှန်ထင်၊  မကောင်းမှုကို ကောင်းမှုထင်၊ အမည်းကို အဖြူ ထင်ပြီး “အစွန်းရောက်ဝါဒီ” တွေဖြစ်ပေါ်လာပြီး လူသားအခြင်းခြင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ၊ ရာဇ၀တ်မှု တွေဟာ တစ်နေ့ထက် တစ်နေ့များပြားလာနေပါပြီ။

နေ့စဉ်လူနေမှု ဘ၀ထဲမှာလည်း တစ်ဦး နဲ့ တစ်ဦး ညှာတာထောက်ထားမှုရယ်လို့ မရှိကြဘဲ ဦးသူစားစတမ်း၊ လျှင်သူက စားစတမ်း ဆိုသလို အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလုပ်နေကြတာတွေ ၊ နည်းမျိုးစုံသော မသမာမှုတွေနဲ့ စီးပွားရှာ နေကြတာလည်း အသိတရား ခေါင်းပါးလာခြင်းရဲ့ ပြယုဂ်များဘဲဖြစ်ပါတယ်။

တဖက်က တစ်နေ့ထက်တစ်နေ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေဟာ အံ့မခန်းလိလိ ဖြစ်နေပေမယ့်၊ တဖက်ကကြည့်ရင် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကတော့ တစ်နေ့ထက် တစ်နေ့ ကျဆင်းလို့သာ နေပါတော့တယ်။ တကယ်တော့ တိုးတက် နေတဲ့ ခေတ်ကြီးမှာ ပေါ်ထွန်းနေတဲ့ ရုပ်ဝတ္တုပစ္စည်းအမျိုးမျိုးတွေဟာ စိတ်ပိုင်းနဲ့အသိဉာဏ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူမပေးနိုင်တဲ့အပြင် ပိုပြီး ဆုတ်ယုတ်ကျဆင်းစေတာကိုတောင် သတိထားမိရင် တွေ့ရပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့တဲ့ ဘယ်ဘာသာတရားမှာမဆို ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေနောက်ကို မလိုက်စားကြဖို့ သတိပေး ထားတာကို အမြဲလို တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာတရားတွေဟာ နောက်ဆုံး “အန္တိမရည်မှန်းချက်” ပိုင်းမှာသာ ကွဲပြားသွားပေမယ့် အခြေခံကျတဲ့ လူ့ကျင့်ဝတ်(သီလ)ပိုင်းမှာတော့ တစ်ခုနဲ့တစ်ခု သိပ်မကွာခြားကြပါဘူး။ လူသားတွေကို ပိုပြီး ယဉ်ကျေးလိမ္မာစေဖို့ သွန်သင်ဆုံးမကြတဲ့ ဘာသာတရားချည်းသာ ဖြစ်ကြပါတယ်။ ဒါပေမယ့် သိပ္ပံပညာက သိပ်တိုးတက်လာ တော့ ဒီဘာသာတရားဆိုတဲ့ ကိစ္စတွေဟာ လူငယ်တွေအမြင်မှာ မော်ဒယ်အောက်နေတဲ့ အတွေးအခေါ်များလို့ ယူဆထင်မြင် လာကြပါတော့တယ်။

“ဖန်ဆင်းရှင်ဝါဒ” ကို မယုံကြည်လာကြသလို  “ကမ္မနိယာမ” ကိုလည်း မယုံကြည်ကြတော့ပါဘူး။ အမေရိကန်နိုင်ငံလို စစ်တမ်း ကောက်ယူနိုင်တဲ့ နိုင်ငံမျိုးမှာ စစ်တမ်းကောက်ယူချက်အရ ဘာသာတရားမဲ့သူအရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ များသည်ထက် များလာပါတော့တယ်။ ဒီအကျိုးရလဒ်ကတော့ အင်မတန် ရုပ်ဝါဒ တိုးတက်လှတဲ့ အမေရိကန်နိုင်ငံကြီးဟာ လူတွေအဖို့ ကိုယ့်ဘ၀လုံခြုံရေးကို အမြဲစိတ်မချရဘဲ လူလူခြင်း ယုံကြည်စိတ်ချရမှု နည်းသထက် နည်းလာပါတော့တယ်။

ကျန်တဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဒီထက်ပိုဆိုးပါတယ်။ အာဏာ နဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားတဲ့ အုပ်စုတွေက အာဏာမဲ့သူ၊ ဆင်းရဲသူတွေအပေါ်မှာ အကြင်နာကင်းမဲ့စွာ နိုင်ငံရေး နဲ့ တစ်မျိုး ၊ စီးပွားရေး နဲ့ တဖုံ နှိပ်စက်နေကြတာတွေဟာ ကြည့်လို့မြင်လို့မကောင်းအောင်ကို ဖြစ်နေပါတော့တယ်။

ဒါတွေအားလုံးဟာ လူသားတွေမှာ ဘာသာရေး အသိစိတ် နိမ့်ကျလာရတာကြောင့် ဖြစ်တယ်ဆိုတာ ငြင်းနိုင်မယ် မထင်ပါဘူး။ ဘာသာတရားတိုင်းဟာ တစ်ကိုယ်ကောင်းစိတ်မမွေးကြဖို့၊ လူလူခြင်း ညှာတာထောက်ထားကြဖို့၊ စိတ်ကို ဖြူစင်သန့်ရှင်း အောင် နေထိုင်တတ်ကြဖို့၊ ရောင့်ရဲလွယ်ဖို့၊ မှန်ကန်သော အသက်မွေးမှုနှင့်သာ အသက်မွေးကြဖို့သာ သင်ကြားခဲ့ကြတာပါ။

အခုတော့ ဒီလို ဘာသာတရားတွေရဲ့ သွန်သင်ဆုံးမမှုတွေဟာ ပြောင်းပြန်ဖြစ်ကုန်ပါပြီ။ လူတွေဟာ တစ်ကိုယ်ကောင်းစိတ် တွေကို ပိုမွေးလာကြတယ်၊ လူလူခြင်း လုံးဝညှာတာမှု မရှိကြတော့ဘူး၊ စိတ်ထားတွေကလည်း အစွမ်းကုန် ညစ်ပတ် စုတ်ပဲ့ နေကြပါပြီ။ ရောင့်ရဲခြင်းဆိုတာ ကြားတောင်မကြားဘူးတော့ဘဲ ငွေ နဲ့ ရုပ်ဝတ္တုပစ္စည်းတွေနောက်ကို အာသာတငမ်းငမ်းနဲ့ လိုက်လို့မဆုံးအောင် လိုက်နေကြပါတယ်။ သမ္မာအာဇီဝ ဆိုတာလည်း ပြတိုက်ထဲမှာ ဖုန်အလိမ်းလိမ်း တက်နေတဲ့ အရာတစ်ခု ဖြစ်သွားပါပြီ။

ဒါတွေရဲ့ အကျိုးဆက်ကတော့ လူ့ကမ္ဘာ လူ့လောကကြီးဟာ လူလူခြင်းလုပ်တဲ့ ဘေးဒုက္ခတွေ၊ သဘာဝဘေးဥပဒ် တွေ၊  ငတ်မွတ်ခေါင်းပါးမှုတွေ၊ အမျိုးမျိုးသော ကူးစက်ရောဂါဆန်းတွေကြောင့် ကမ္ဘာလောကကြီးဟာ ဘေးမကင်း ရန်မရှင်းတဲ့ ကမ္ဘာ လောကကြီး ဖြစ်လာနေပါပြီ။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးဟာ ပျက်သုဉ်းတော့မယ့်ဘေးအန္တရာယ်ရဲ့  ခြောက်လှန့်မှုကို ခံနေကြရပါပြီ။ ဒါမေပယ့် လူတွေကတော့ ဆက်ပြီး မိုက်လို့ ကောင်းတုန်းဘဲ ရှိပါသေးတယ်။

လူ့လောကကြီး တစ်ခုလုံးကို မပျက်သုန်းအောင် ကယ်တင်နိုင်မှာကတော့ “ဘာသာတရား” အပြင် အခြားမရှိပါဘူး။

အလုံးစုံသော မကောင်းမှု ဟူသမျှဟာ “ငါ” တည်းဟူသော အထင်ရောက်မှု နဲ့ မာန်မာနကနေ ပေါက်ဖွားလာကြတာချည်းသာ ဖြစ်တယ် ။ “ငါ” “ငါ့ဥစ္စာ” “ငါ့ပစ္စည်း” “ငါ့မိသားစု” “ငါ့နိုင်ငံ ငါ့လူမျိုး” “ငါ့နိုင်ငံ ငါ့ဝါဒ” “ငါ့ဘာသာတရား” “ငါ့အုပ်စု ငါ့ပါတီ” စတဲ့ “တ, ငါတည်းငါ” နေကြတဲ့အတွက် ကမ္ဘာပေါ်မှာ ပြဿနာမျိုးစုံ၊ ဘေးအန္တရာယ်မျိုးစုံ၊ ဆင်းရဲ ဒုက္ခမျိုးစုံကို ကြုံတွေ့ နေကြရတာပါ။

ဘာသာတရားကို နက်နဲစွာ လေ့လာလိုက်စားခြင်းဟာ “ငါဆိုတဲ့အတ္တမာန” ကို လျော့နည်းစေရုံမက၊ နောက်ဆုံးမှာ ခန္ဓာကိုယ်၌ “ငါတည်းဟူသော အတ္တကောင်” မရှိတဲ့ အဖြစ်ကိုပါ သိမြင်လာစေတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တည်းဟူသော (၆) ဒွာယ နဲ့ အာရုံ(၆)ပါးနဲ့ ထိတွေ့မှုတွေအပေါ်မှာ တပ်မက်စွဲလန်းမှုဖြစ်တာကိုဘဲ ငါမြင်တယ်၊ ငါသိတယ်၊ ငါလိုချင်တယ်ဆိုတဲ့ “အတ္တဒိဌိ” က ပူးကပ်လိုက်တဲ့အခါ အလွန်ကြီးမားလှတဲ့ လောဘ၊ ဒေါသ၊ မောဟနဲ့ သက္ကာယ များ ဖြစ်လာရခြင်းဖြစ်တယ်။

ခန္ဓာကိုယ် အတ္တဘောကြီးထဲမှာ “ငါ” တည်းဟူသော “အတ္တ” မရှိတာကို အမှန်တကယ် သိမြင်ရိပ်စားလာမိချိန်မှာတော့ သတ္တ၀ါ ဟူသမျှဟာ အာရုံ(၆)ပါးရဲ့ စေခိုင်းမှုနောက်ကို တစ်ကောက်ကောက်လိုက်ပါနေရပြီး “ငါ” ခိုင်းတာကို လုပ်နေကြရတဲ့ “အတ္တကျေးကျွန် လုံးလုံးသာ” ဖြစ်တယ်ဆိုတာကို သဘောပေါက်လာစေပါတယ်။ နေ့စဉ် လုပ်နေကြရတဲ့ အလုပ်တွေ၊ အသက် မသေသေးသမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်နေကြရတဲ့ အလုပ်တွေဟာ ဒီ “ငါ” ဆိုတဲ့ အတ္တ နဲ့ လောဘရဲ့ စေခိုင်းမှုကြောင့် မမောနိုင် မပန်းနိုင်လုပ်နေရတာကို သဘောပေါက်လာရင်တော့ တရားအသိ တစ်ခု ဖြစ်ထွန်းလာပြီလို့ ဆိုရပါတော့မယ်။

ဒီလို “ငါမဟုတ်တဲ့” တရားအမှန်ကို သိတဲ့ “တရားအသိ” ကြောင့် ကိုယ့်ရဲ့ “အသိတရား”တွေဟာ ရင့်ကျက်လာပါလိမ့်မယ်။ “ငါ” တည်းဟူသော အတ္တရဲ့ မညှာမတာ စေခိုင်းမှုကို သိလာတဲ့အချိန်မှာ “လောဘသက္ကာယ နဲ့ မာန” တရားတွေ လျော့ကျလာ ပါလိမ့်မယ်။ “ကိုယ့်ကိုယ်ကို ငါလို့ ထင်နေတာ အထင်မှားမှု သက်သက်သာဖြစ်ပြီး တကယ်တော့ အာရုံ(၆)ပါးအပေါ်မှာ ကပ်ညိ မိတဲ့ “တဏှာ” နဲ့ “ဒိဌိ” ရဲ့ စေခိုင်းမှုအောက်မှာ ကျွဲလို နွားလို ရုန်းနေရတဲ့ ကိုယ့်အဖြစ်ကို သဘောပေါက်လာပါလိမ့်မယ်။

အဲဒီအခါမှာ ကိုယ့်သဏ္ဍန်မှာ ရှိတဲ့ “လောဘ၊ ဒေါသ၊ အတ္တ၊ မာန” ကြီးမားမှုတွေနည်းလာပြီး “ကိုယ်ခြင်းစာတရား” ခေါင်းပါးမှု ကနေလွတ်မြောက်လာပါလိမ့်မယ်။ သူလည်း တဏှာလောဘရဲ့ အခိုင်းခံ၊ ငါလည်း တဏှာလောဘရဲ့ အခိုင်းခံ – - အတူတူ နဲ့ အနူနူပါဘဲ လားဆိုတာ သဘောပေါက်လာတော့ လူအချင်းချင်းအပေါ်မှာ ဂရုဏာ ထားနိုင်လာပါလိမ့်မယ်။ ဒီလို စိတ်ထားမျိုး ထားနိုင် လာတာဟာ အသိတရားမြင့်မားလို့သာ ထားနိုင်လာဆိုတာ ငြင်းနိုင်ပါ့မလား။

ဒီလို တရားအသိ မြင့်မားလာတဲ့လူဟာ တွေးခေါ်မျှော်မြင်ရေးဘက်မှာ သိသိသာသာ အဆင့်မြင့်မားလာတာကို တွေ့ရပါမယ်။ တရားအသိကြောင့် အတုအယောင်နဲ့ အစစ်အမှန်ကို ခွဲခြားသိမြင်လာတာမို့ လောကမှာ လူတွေတန်ဖိုးတကယ် ထားအပ်တဲ့ အရာတွေက ဘာတွေ၊ တန်ဖိုးမထားအပ်တဲ့အရာတွေက ဘာတွေဆိုတာ ပိုင်ပိုင်နိုင်နိုင် သိမြင်လာပါလိမ့်မယ်။ လူတွေဟာ ဘာမှ တန်ဖိုးမရှိတဲ့အရာတွေ၊ တန်ဖိုးမရှိတဲ့ ကိစ္စတွေနဲ့ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်နွမ်းနယ်နေကြတာကို သိမြင် တရားကျလာပါ လိမ့်မယ်။

တရားအသိ ပိုင်ပိုင်နိုင်နိုင်ရှိလာလို့ အသိတရားမြင့်မားလာတဲ့သူဟာ ရုပ်သွင်လက္ခဏာက အစ ပြောင်းလဲလာပါလိမ့်မယ်။ လောဘတရား၊ မာနတရားတွေကြောင့် ဂဏှာ မငြိမ်တဲ့ အမူအယာ၊ ပြာလောင်ခတ်နေတဲ့အမူအယာ၊ ဘ၀င်မြင့်နေတဲ့ အမူအယာ မျိုးတွေ မရှိတော့ဘဲ အေးချမ်းတည်ငြိမ်တဲ့ ရုပ်ရည်ရူပကာမျိုးပါ ဖြစ်လာစေနိုင်ပါတယ်။ လုပ်သမျှ ကိုင်သမျှမှာလည်း အမှားနည်း လာပြီး အမှန်များလာပါလိမ့်မယ်။ မှန်ကန်မျှတတဲ့ အပြောအဆို အလုပ်အကိုင်တွေကြောင့် အထက်လူ , အောက်လူ၊ ကြီးသူ, ငယ်သူတို့အကြား မှာလည်း ကြည်ညိုလေးစားစရာ ပုဂ္ဂိုလ် ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် တရားအားထုတ်လေ့လာလိုက်စားခြင်းဟာ ဆုတ်နစ်တဲ့ ကိစ္စမဟုတ်ဘဲ “တရားအသိကြောင့် အသိတရားပါ” မြင့်မား လာစေပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာနိုင်စေတဲ့အပြင် ၊ လူတိုင်းလူတိုင်း မလွဲမသွေ ရင်ဆိုင်ရမယ့် “သေခြင်းတရား” ကိုပါ မကြောက် မရွံ့  တည်ငြိမ်အေး ချမ်းစွာ လက်ခံနိုင်စွမ်းရှိသူ တစ်ဦးဖြစ်လာစေပါတယ်။

ဒါကြောင့် လူငယ်တိုင်း လူငယ်တိုင်း တရားကို ကိုယ်နဲ့ မဆိုင်ဟု ထင်မြင်ယူဆခြင်းမှ ဖယ်ခွာပြီး လက်တွေ့ ကိုယ်တိုင် တရားဓမ္မ အားထုတ်ပြီး “အသိတရားမြင့်မားရင့်ကျက်သူများ” ဖြစ်လာစေခြင်းဖြင့် လူ့ကမ္ဘာလောကကြီး လူ့လောကကြီးအား အကျိုးပြု နိုင်သူများ ဖြစ်ကြပါစေဟု ဆန္ဒမွန် များစွာဖြင့်  ရပ်နားပါဦးမည်။

အနေတတ်၊ အသေတတ်ခြင်း မှသည် အနေကင်း၊ အသေကင်းရာဆီသို့ တက်လှမ်းနိုင်ကြပါစေ။

သရ၀ဏ်

မရဏာ နုဿတိ ဟူသည်
လွန်ခဲ့တဲ့ (၆)နှစ်လောက်က ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ ဆေးရုံကြီးတစ်ခုပေါ်မှာ သေမင်းနဲ့ စစ်ခင်းခဲ့ရဘူးပါတယ်။ အဲဒီ အချိန်ကတည်းက စပြီး ဘ၀နဲ့ပတ်သက်တဲ့ အတွေးအခေါ် တွေဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က ကိုယ်လုံးဝ မစဉ်းစားခဲ့ဘူးတဲ့ တရားတစ်ခုကို  နားလည် လာခဲ့ပါတယ်။

အဲဒါကတော့ “သေခြင်းတရား” ပါဘဲ။

တကယ်တော့ လူတွေနဲ့ အနီးကပ်ဆုံးအရာဟာ “သေခြင်းတရား” ပါ။  အချိန်မရွေးကျရောက်လာနိုင်ပါတယ်။ လူရဲ့ နောက်က အရိပ်လို လိုက်နေတာပါ။

မိတ်ဆွေ  ?

“သေခြင်းတရား” ဟာ တစ်နေ့မှာ လူတိုင်းမလွဲမသွေ တွေ့ကြုံရမယ့် အလွန်ကြီးမားလှတဲ့ အရေးကိစ္စကြီး ဖြစ်ပေမယ့် ဒါကို လူတွေမေ့နေကြတယ်။

ဒါမှမဟုတ် မေ့ချင်ယောင် ဆောင်နေကြတယ် ။ လူဆိုတာ သေမျိုးဘဲဆိုတာ ဦးနှောက်သိသာ၊ သိကြပြီး နှလုံးသားထဲကနေ မသိကြတာက များပါတယ်။

“သေနေ့”

အဲဒီနေ့ဟာ ဘယ်နေ့လဲ ။ ဘယ်တော့ကြုံရမှာလဲဆိုတာ လူတွေ(သာမန်ပုထုဇဉ်တွေ) မသိနိုင်ကြပါဘူး။  လူတွေဟာ မသိခြင်း (၅)ပါးနဲ့ အသက်ရှင် နေကြတယ်တဲ့။

(၁) ကိုယ် ဘယ်ဘ၀ကနေရောက်လာတယ် (ဘယ်လိုလူဖြစ်လာတယ်) ဆိုတာကို မသိကြပါဘူး။

(၂) ပြီးရင် ဘယ်နေ့ ဘယ်ရက်မှာ သေကြရမယ်ဆိုတာကိုလည်း မသိကြပါဘူး။

(၃) ဘာရောဂါ၊ ဘယ်လို သေနည်းမျိုးနဲ့ သေကြရမယ်ဆိုတာကိုလည်း မသိကြပါဘူး။

(၄) ဘယ်မြို့ဘယ်ရွာ၊ ဘယ်နိုင်ငံ (ဘယ်သင်္ချိုင်း) မှာ သေကြရမယ်ဆိုတာကိုလည်း မသိကြပါဘူး။

(၅) သေပြီးရင် ဘယ်ဘုံ၊ ဘယ်ဘ၀၊ ဘယ်နေရာကို ရောက်ကြရမယ်ဆိုတာကိုလည်း မသိကြပါဘူး။

ဒီလို မသိခြင်း (၅)ပါးနဲ့ နေ နေကြပေမယ့် လူတွေဟာ စိုးရိမ်ကြောင့်ကြမှု ကင်းစွာနဲ့ဘဲ  လူ့ဘ၀ကို ဖြတ်သန်း နေကြပါတယ်။

= လူ့ဘ၀ကို ပုံခိုင်းနှိုင်းပြရရင် မိုးအခါမှာ ရေပြည့်နေပြီး နွေရောက်လာရင် ရေခမ်းခြောက်တတ်တဲ့ ရေအိုင်ငယ်လေးတစ်ခုလိုပါဘဲ။

လူ့ဘ၀ သက်တမ်းဟာ ရေကန်ထဲက ရေနဲ့ တူပြီး လူတွေရဲ့ ဘ၀ကတော့ ရေအိုင်ထဲမှာ ပျော်မြူးနေကြတဲ့ ငါးကလေးတွေနဲ့ တူလှပါတယ်။

ဒီ ငါးလေးတွေဟာ အဟိတ်တိရိစ္ဆာန်ဖြစ်ကြလေတော့ ဒီရေအိုင်ဟာ တစ်နေ့ ခမ်းခြောက်တော့မယ်ဆိုတာ မသိနိုင်ကြပါဘူး။ငါးတို့ဘာဝ ရေအိုင်ထဲမှ ဟိုဟို ဒီဒီ ကူးခတ်ပျော်ပါးလိုက်ကြ၊ အစာရှာစားလိုက်ကြ၊ မျိုးဆက်ပွားများလိုက်ကြနဲ့ပေါ့။

ဒီရေအိုင်ဟာ နွေဦးပေါက်လာတာနဲ့အမျှ ရေခမ်းခြောက်စ ပြုလာပါတယ်။ မကြာခင် ရေခမ်းခြောက်သွားပြီး ဒီငါးလေးတွေဟာ “မရဏ” ဆိုတဲ့ ကျီး၊ ငှက်တို့ရဲ့ အစာဖြစ်ပြီး သေမင်းလက်တွင်း ကျဆင်းကြရတော့မှာ ဧကန်ပါဘဲ။

ဒါပေမယ့် သူတို့ကတော့ ပျော်ကောင်းကြတုန်းပါဘဲ။ ရေများစဉ်ကလည်း ပျော်၊ ရေနည်းလာတော့လည်း ပျော်။ ဒီရေအိုင်လေးထဲမှာဘဲ အစာရှာလိုက်၊ သွားလိုက် လာလိုက်၊ ပျော်ပါးလိုက်ကြနဲ့ပေါ့။

လူတွေရဲ့ ဘ၀ဟာလည်း ဒီလိုပါဘဲ။ အသက်ငယ်စဉ်ဘ၀ (ရေများစဉ်ကလည်း) ပျော်ကြ၊ အသက်ကြီးရင့်လာလို့ (ရေနည်းပြီး ခမ်းခြောက်စ ပြုလာတော့လည်း ) ပျော်လို့မော်လို့ ကောင်းကြဆဲပါဘဲ။ ကာမဂုဏ်အာရုံတွေနောက်ကို တစ်ကောက်ကောက်လိုက်ကြရင်းနဲ့ ရှုတ်ထွေးပွေလီလှတဲ့ လောကကြီးထဲမှာ တစ်ကယ်မရှိတဲ့ ချမ်းသာမှုကို ရှာနေကြပါတယ်။

ကိုယ့်ရဲ့ရှေ့မှာလည်း “ဟောတစ်ယောက်၊ ဟောတစ်ယောက်” နဲ့ သေဆုံး ကွယ်လွန်သွားကြတဲ့သူတွေလည်း မရေမတွက် နိုင်တော့ပါဘူး။ ဒါပေမယ့် ဘယ်တော့ ကိုယ့်အလှည့်လဲ လို့ကော တွေးကြည့်မိကြဘူးပါသလား။ အသုဘတစ်ခုကို  လိုက်ပို့ရင်းနဲ့ ငါလည်း တစ်နေ့မှာ ဒီလိုဘဲ လူတွေရဲ့ လိုက်ပို့မှုကို ခံရပြီး လူတစ်ယောက်အဖြစ်ကနေပြီး   အရိုးပြာအိုး တစ်အိုးအဖြစ်ပြောင်းလဲ ပျောက်ဆုံးသွားရမှာပါလားလို့ တွေးကြည့်မိဘူးပါသလား။

တွေးကြည့်ပါ မိတ်ဆွေ။ တွေးကြည့်စမ်းပါ။ သေခြင်းတရားကို နှလုံးသွင်းမှုဆိုတဲ့ (မရဏနုဿတိ) ကို မကြာခဏ ဆင်ခြင်ကြည့်ပါ။ မိတ်ဆွေရဲ့ လောဘတွေ၊ ဒေါသတွေ၊ သောကဗျာပါဒ တွေ နည်းလာပါလိမ့်မယ်။ လောကကြီးမှာ အဓိပ္ပါယ်ရှိတာနဲ့ မရှိတာတွေကို ခွဲခြားသိမြင်လာပါလိမ့်မယ်။ အဓိပ္ပါယ်မဲ့စွာနဲ့ အချိန်ဖြုန်းနေတာတွေ နည်းသွားပါလိမ့်မယ်။ ကာမဂုဏ် အာရုံတွေ နောက်ကို တစ်ကောက်ကောက်လိုက်ပါ ခံစားချင် စိတ်တွေ နည်းလာပါလိမ့်မယ်။ ငါတည်းဟူသော အတ္တ မာန်မာနတွေ နည်းပါးသွားပါလိမ့်မယ်။

ပြီးရင် ငါသေပြီးရင် ငါနဲ့အတူ ဘာတွေ ယူသွားနိုင် မှာလည်း ဆိုတာကို  ဆက်ပြီး စဉ်းစားကြည့်စမ်းပါ။ ဥစ္စာဓနတွေလား၊ ရွှေတွေငွေတွေ၊ တိုက်တာ ခြံမြေတွေလား၊ ရာထူးဂုဏ်ဒြပ်တွေလား၊ တန်ခိုးသြဇာတွေလား၊ နာမည်ကျော်ကြားမှုတွေလား၊ အချွေအရံအသင်းအပင်းတွေလား။ ဒါတွေအားလုံးကို မိတ်ဆွေ ချန်ထားခဲ့ရမှာပါ။ “ဥစ္စာစု၊ ထိုက်သူဖို့” ဆိုတာလို သူနဲ့ ထိုက်ရာထိုက်ရာ ရသွားကြမှာပါ။ မိတ်ဆွေနဲ့ တစ်ခုမှ ပါလာမှာ မဟုတ် ပါဘူး။

တစ်ခုတော့ ပါလာလိမ့်မယ်။ အဲဒါက မိတ်ဆွေ အသက်ရှင်စဉ်မှာ လုပ်ခဲ့တဲ့ “ကံတရား” ။ အဲဒါကတော့ ပါလာလိမ့်မယ်။ ဒါကိုတော့ မိတ်ဆွေ ချန်ထားခဲ့လို့ မရပါဘူး။ မိတ်ဆွေနဲ့အတူ ယူဆောင်သွားရပါလိမ့်မယ်။

နောက်တစ်ခု မိတ်ဆွေ အသက်ကုန်ဆုံးခါနီးမှာ ဘယ်လိုမှ ပြုပြင်မရနိုင်တော့တဲ့ အရာတစ်ခုကိုလည်း ချန်ထားရလိမ့်မယ်။ အဲဒါကတော့ မိတ်ဆွေရဲ့ “နာမည်” ။ မိတ်ဆွေရဲ့  “သမိုင်း” ။

မိတ်ဆွေဟာ အသက်ရှင်နေထိုင်ခဲ့စဉ်အတွင်း  ဘယ်လိုလူစားမျိုးလဲဆိုတာကို  သမိုင်းစာမျက်နှာတစ်ခု ထားရစ်ခဲ့ရလိမ့်မယ်။ အဲဒီ သမိုင်းဟာ ဘယ်သူမှ ဖျောက်ဖျက် လို့မရတဲ့ အမှန်တရားတစ်ခုအဖြစ် ကျန်ခဲ့လိမ့်မယ် ။

စဉ်းစားကြည့်ပါ မိတ်ဆွေ။ တစ်နေ့သေရမှာခြင်းတူရင် “မာသာထရီဇာ” လို နာမည်မျိုးကို ချန်ထားခဲ့ချင်သလား။ “အိုက်ခ်မန်း” လို နာမည်မျိုးကို ချန်ထားခဲ့ ချင်သလား။ ဘယ်သူမှ “အိုက်ခ်မန်း” လို နာမည်မျိုးကို ချန်ထားခဲ့ချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ် ။ အဲဒီတော့ မိတ်ဆွေဟာ ကိုယ်အသက်ရှင် နေထိုင်စဉ်အတွင်းမှာ ကိုယ်လုပ်နိုင်တဲ့အရာတွေထဲက လုပ်သင့်တဲ့အရာ နဲ့ မလုပ်သင့်တဲ့အရာကို ဆုံးဖြတ်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုမိပါတယ်။

အနေတတ်၊ အသေတတ်ခြင်းမှသည် – အနေကင်း၊ အသေကင်းရာဆီသို့ လှမ်းတက်နိုင်ပါစေ။

သရ၀ဏ်

ဓမ္မသုခုမ အဖွင့်
မင်္ဂလာပါ ဓမ္မမိတ်ဆွေ

ကျွန်တော့်ရဲ့ ဘလော့ဂ်လေးကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီ ဘလော့ဂ့်လေးကတော့ ဘာသာရေးနဲ့ ယှဉ်တဲ့ အတွေးအမြင် အယူအဆလေးတွေ စုစည်းရာ နေရာဖြစ်ပါတယ်။ ဘာသာရေးဆိုတော့ ဘယ်ဘာသာလဲ လို့ မေးရာ ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်က “မဇ္ဈိမဒေသ” မှာ ပေါ်ထွန်းခဲ့တဲ့ “မဟာလူသားဗုဒ္ဓ”  ရဲ့ အတွေးအခေါ် အယူအဆတွေပါ။ ဗုဒ္ဓရဲ့ ဟောပြောသွန်သင်ဆုံးမမှုတွေကို ကိုယ်နားလည်သလောက် ပြန်လည်ဝေမျှ ပေးခြင်းသာဖြစ်ပါတယ်။

ပညာရှင်ကြီး တစ်ဦးမဟုတ်သော်လည်း မိမိ ပိုင်ပိုင်နိုင်နိုင် နားလည်သလောက်ကို အရှင်းလင်းဆုံးသော အရေးအသားတွေနဲ့ တင်ပြပေးသွားမှာပါ။

မိမိ ဆောင်းပါးတွေကို ဖတ်ရှုပြီး ကိုယ်တိုင် အသိဉာဏ်ပွင့်လင်းမှု နဲ့ တွေးခေါ်မျှော်မြင်မှုတို့ကို ရရှိသွားပြီဆိုရင် စာရေးသူရဲ့ အားထုတ်ကြိုးပမ်းရမှု အတွက် ကျေနပ်ပါပြီ။

လောကီသုခ မှ သည် လောကုတ္တရာသုခ၏ အရသာကို ခံစားနိုင်သူ ဖြစ်ပါစေ။

သရ၀ဏ်